စာပြေး

သပြေပင်ကျေးရွာ စုစည်းရာမှ ၀မ်းမြောက်ဝမ်းသာစွာ ကြိုဆိုပါသည်

Tuesday, February 12, 2013

မျှော်ရပါကြောင်း မေမေ ယမားချောင်း

နိုင်ငံတော် အစိုးရမှ အများပြည်သူ အကျိုးများရန်ဆိုသောရည်ရွယ် ချက်ဖြင့် ကျနော်တို့ မြန်မာနိုင်ငံတွင် တည်ရှိနေသော မြစ်တွေထဲက ဧရာဝတီ ဆိုသော မြစ်ကြီး ကို အထက်မြစ်ဆုံကနေ တရုတ်နိုင်ငံမှ ရောကာ တာ ပြုလုပ်ရန်ဆိုသော စီမံကိန်းကြီး အကောင်ထည်မပေါ်ပဲ စီမံကိန်းကြီး ဖျက်သိမ်းသွားပါပြီ။ “၀မ်းသာစရာပေါ့“ ဒါဟာ အကျိုးတရားထက် အဆိုးတရား ဖြစ်မယ့် ဆုံးရှုံးမှုတွေပိုများလိမ့်မယ်ဆိုတဲ့ မြန်မာနိုင်ငံမှ အသိပညာ အတက်ပညာရှင်တွေရဲ့ သုံးသပ်ချက်ရရှိမှုကြောင့်လို့ပဲ ထင်ပါတယ်။ ခုလိုမျိုး အဖက်ဖက်မှ ပညာရှင်များရဲ့ အကျိုးတရားတွေဟာ သူတို့ပြောသလို ကျနော်တို့နိုင်ငံအတွက် အသက်သွေးကြောသဖွယ် တန်ဖိုးရှိလှတယ်ဆိုတာ ကို ပိုပြီး ထင်သာမြင်သာရှိလာပါတော့တယ် စာပေ ဂီတ အနုပညာရှင်များရဲ့ ဧရာဝတီ မြစ်ကြီးကို ကဗျာ ဖွဲ့ စာတွေနွဲ့ပြီး အမျိုးမျိုး တင်စားထားတာတွေကိုတော့ သိခဲ့ ကြားခဲ့ဖူးတာ ကြာခဲ့ပါပြီ ။
ဒီနေရာမှာ ကျနော်ပြောလိုတာက ကျနော်တို့ ရွာနဲ့ ကျနော်တို့ရွာရဲ့ မြောက်ဘက်မှာ ကပ်လျှက် ရှိတဲ့ ယမားချောင်းကလေး အကြောင်းရယ်ပါ။ ဒီချောင်းကလေးမှာ ယမားချောင်း ဆိုတာကလွဲလို့
အခြား အမည်နာမ မရှိခဲ့သေးပါဘူး ကျနော်တို့ကတော့ ကျနော်တို့ ကျေးရွာသူ ကျေးရွာသားများရဲ့ ကိုယ်စား အဲဒီယမားချောင်းကလေးကို အမည် ပေးလိုက်ပြီ…“ချောင်းမေမေ“ လို့…..။ဒီချောင်းလေး စီးဆင်းလာရာတစ်လျှောက်က ဘေးပတ်ပန်းကျင် ကျေးရွာတွေကိုတော့ ဘယ်လို အကျိုးတရားတွေ ၊ အဆိုးတရားတွေ ရှိနေမယ် ရှိခဲ့မယ် ဆိုတာကို မသိပေမယ့် ကျနော်တို့ သပြေပင် ဆိုတဲ့ ရွာကလေး အတွင်းက ရွာသူ ရွာသားများ အတွက်ကတော့ဖြင့် ဒီချောင်းကလေးဟာ အင်မတန် ကျေးဇူးတရားကြီးမားခဲ့ပါတယ် အဓိက ကတော့ ကျနော်တို့ သပြေပင် တစ်ရွာလုံး ရွှေကျင်လုပ်ငန်းနဲ့ပဲ အသက်မွေးဝမ်းကျောင်းကြရတယ် ။နွေအခါမှာဆို “ဖောက်သာ“လိုက်ကြတယ် ၊ ဖောက်သာ ဆိုတာလည်း ရွှေကျင်တာပါပဲ နွေအခါဆိုတော့ ချောင်းပြင်မှာရေစီးမရှိတော့သလို သဲပြင်ရဲ့အောက် သုံးလေးပေလောက်အထိမှာ ရှိနေတဲ့ ရွှေ ကြော ရွှေရှိတက်တဲ့ သဲပြင် အထိရောက်အောင် အပေါ်ကသဲ တွေကို “ဂေါ်”နဲ့ ဖယ်ရှားပြီး ရွှေပွင့်ကလေးများရှိတဲ့ သဲတွေကိုကျင်ယူရတဲ့ အတွက် အဲဒီလို နွေရာသီမှာတော့ လူလည်းပိုပင်ပမ်းတယ် သဲအပိုတွေကို တော်တော်များများ ဖယ်ရှားပြီး မှ လုပ်ရတဲ့ အတွက် အလုပ်လည်း သိပ်မတွင်ကျယ်လှဘူး သဘောကတော့ နွေရာသီမှာ ရွှေကျင်ရတာ မိုးရာသီထက်စာရင် လူပိုပင်ပမ်းတယ် ရွှေလည်း အရနည်းတယ်ပေါ့ ။ မိုးရာသီမှာကတော့ ချောင်းပြင်ကြီးဟာ ရေတွေ တသွင်သွင်စီးဆင်းနေတော့ ရွှေနေတက်တဲ့နေရာတွေမှာ “သဲ“ အပိုတွေဟာ ဖုံးလွှမ်းမှုသိပ်မရှိလှဘူး ချောင်း အညှာမှာ (အထက်ပိုင်းမှာ)မိုးတွေညှို့နေရင် ကျနော်တို့ တစ်တွေ သိပ်ပျော်တယ် ။ ဘာလို့လည်းဆိုတော့ အထက်ချောင်းအညှာမှာ ( အထက်ပိုင်းမှာ ) မိုးတွေ အရမ်းရွာရင် ချောင်းရေကြီးတယ် ချောင်းရေကြီးတော့ ချောင်းရေစီးက တိုက်စားလာတဲ့ (ရွှေတွေကိုဖုံးနေတဲ့ ) မြေလွှာတွေ သဲသောင်တွေ မရှိရင် ရွှေမှုံတွေပေါ်လာတယ်ပေါ့ ရွေ့လျားလာတဲ့ ရွှေတွေကို လုပ်သားများ ဖြစ်တဲ့ ကျနော်တို့တွေ အတွက် “ရွှေသာ“ (လုပ်ကွက် နေရာ )ရှာရတာလွယ်ကူသလို ရေစီးထဲမှာ လုပ်ရတဲ့ အတွက် အလုပ်လည်း ပိုတွင်ကျယ်တယ် ရွှေလည်းပိုရလာတယ် ဒီနေရာမှာ ကျနော်တို့ ရွှေကျင်ရပုံလေးကို မသိသေးတဲ့ သူတွေကိုရည်ရွယ်ပြီး ဗဟုသုတ အဖြစ် အနည်းအကျဉ်း ပြောပြချင်ပါတယ်။
ရွှေကျင်ရာမှာ အနည်းဆုံး နှစ်ယောက်မှ အများဆုံးငါးယောက်လောက်အထိ စုပေါင်းကျင်ကြတယ် ။ အဲသလို အစုအဖွဲတစ်ဖွဲကို “တစ်ဆိုင်း“လို့လည်းခေါ်ဝေါ်လေ့ရှိကြတယ် ။တစ်ဖွဲ “တစ်ဆိုင်း“ မှာ ခေါင်းဆောင် ဆရာ ဆိုတာ ကတစ်ယောက် ရှိရတယ် သူကတော့ ရွှေတာ လုပ်ကွက် ရှာတဲ့သူပေါ့ အဲဒီလိုရွှေ တာရှာရမှာ ယနေ့တစ်နေ့စာ အပြင် နောက်တစ်နေ့ အတွက ရောက်ရောက်ချင်း သူ့ အဖွဲ့သားတွေ လုပ်ကွက်ကလေး နည်းနည်း ကျန်ရစ်ရုံဆိုရပါပြီ အဲဒီလုပ်ကွက်လက်စလေးကို လုပ်နေတုန်းမှာ ဆရာဖြစ်သူဟာ ဒီကနေ့ တစ်ရက်စာနဲ့ နောက်တနေ့လုပ်လက်စလေးကျန်ရှိနေဖို့ ရွှေတာ အစမ်း( လုပ်ကွက)် အရှာထွက်ရပြန်ပါတယ် ။ ရွှေတာ စမ်းရာမှာ အင်ဝိုင်းတစ်ချပ်နဲ့ ဂေါ် တလတ်ကို အသုံးပြုရပါတယ် ။ ဂေါ် ဆိုတာကို မြင်လွယ်အောင် ပြောရမယ်ဆိုရင် ကျနော်တို့ စားအုံးဆီထည့်တဲ့ ပုံးကို အပေါ်ပိုင်း အပိတ်ကို တပြင်လုံး ဖြက်ပစ်လိုက် ဖြက်ပစ်လိုက်တော့ လေးထောင့်ခွက်ကို အဖုံး မပိတ်ပဲ ထောင်ထားသလိုလေး ဖြစ်နေလိမ့်မယ် အဲဒါကို အလယ်က ထပ်ခြစ်ခွဲကြည့်လိုက် ခြမ်းပြီးသွားရင် အဲဒီ အခြမ်းနှစ်ခြမ်းကိုကြည့်လိုက် နှစ်ခြမ်းလုံးမှာ တစ်ဖက်က ဖင်အပိတ်နဲ့ တဖက်က အပိတ်မပါဘူး နောက်တနည်းပြောရရင် အဲဒီ အနေအထားဟာ ကျနေတ်ာတို့ အမှိုက်ကော်တဲ့ ဂေါ် နဲ့ ခတ်ဆင်ဆင်ဖြစ်သွားပြီ အဲဒီ အနေအထားကိုမှ နောက်က အပိတ်ဖက်မှာ လက်ကိုင်ရိုးတက် ၊ အပွင့်ဖက်အဖျားမှာတော့ ဟိုက်ဘက်ဒီဘက် အပေါက်ဖောက်ပြီး လက်ကိုင်သံကိုင်းတက် ၊ မြင်လွယ်အောင် သာ စားအုန်းဆီ သံပုံးကို ပြောရတာ တကယ်တော့ ရွှေကျင်ရာမှာ သုံးတဲ့ ဂေါ်က အများအားဖြင့် “ပီပါ“သံပြားတွေကို ချိုး “ပုံဖော်“ ကိုင်ကြရတာရယ် ။ နောက် အင်ဝိုင်းဆိုတာ ကတော့ နှစ်ပေစလောင်းနဲ့ ခတ်ဆင်ဆင်ပါ ကွာခြားတာက အင်ဝိုင်းက သစ်သားနဲ့ ထွင်းပြီး ဇောက်နက်နက်ကလေးရယ် အဲဒါကို အတွင်းပိုင်းမျက်နှာမြင်တပြင်လုံး သင်္ဘောဆေးအနက်သုပ်ထားတယ်။ ရွှေတာ ရှာသူဟာ ကျနော်စောစောကပြောတဲ့ ဂေါ်လေးတလက်နဲ့ ရွှေရှိမယ်ထင်တဲ့နေရာကသဲတွေကိုကော် အင်ဝိုင်းထဲကိုထည့် ရေအောက်ကို အင်ဝိုင်းနစ်တယ်ဆိုယုံလေး နှစ်ပြီးစကောဝိုင်းသလိုဝိုင်း နှစ်ပတ်သုံးပတ် လောက် ၀ိုင်း နောက်ပြီးလက်တဖတ်က အပေါ်မျက်နှာပြင်ပေါ်ကသဲတွေကို လက်ကလေးနဲ့ယက် အဲသလိုဝိုင်းလိုက် ယပ်လိုက် တဖြေးဖြေးနဲ့သဲကြမ်းတွေကုန်းနောက်ဆုံးမှာ အင်ဝိုင်းရဲ့ချက်(အလယ်ခေါင်)မှာ သံနှစ်(အမဲရောင်)နဲ့ (ရွှေရှိလျှင်)ရွှေပွင့်ကလေးတွေပဲကျန်ခဲ့တော့တယ် ရွှေပွင့်လေးတွေကတော့ သဲပွင့်အရွယ် စား ပမာဏရှိပြီး အရောင်အဆင်းကတော့သူ့ပင်ကိုယ်အရောင်ပါပဲ ရွှေပွင့်အရေအတွက်ပါနှုန်း အပေါ်ကြည့်ပြီး တာစမ်းသူဟာ နေ့ထွက် ကိုက်မကိုက်ခန့်မှန်းပြီး လုပ်သင့် မလုပ်သင့်ကိုဆုံးဖြတ်ရွေးခြယ်ရ ပါတယ် ဒါကတော့ ခေါင်းဆောင်(ဆရာ)တယောက် ရွှေတာစမ်း(လုပ်ကွက်)ရှာရတဲ့အပိုင်းပေါ့။ တဆိုင်းမှာ ဥပမာလူ(၄)ယောက်တဆိုင်းဆိုပါစို့ စောစောကပြောသိလို ဆရာလုပ်သူက ရွေးခြယ်သပ်မှတ်ထားတဲ့နေရာကို ကျန်တဲ့သုံးယောက်က လိုက်လောင်းကြရတယ် “လောင်း”ဆိုတာ ဒေသအခေါ်ပါ တကယ်တော့ ဆရာသက်မှတ်ထားတဲ့နေရာ(လုပ်ကွက်)ကို (လုပ်တာ)ကျင်တာကိုဆိုလိုတာပါ။ကျင်တဲ့(လောင်း)တဲ့ နေရာမှာတော့ ရှော မျှောလို့ခေါ်တဲ့ အရှည် 7 ပေ 8ပေ ခန့်ရှည်ပြီးဗျက်(အကျယ်)နှစ်ပေခန့်ရှိ အသားပြားကို သံမှိုနဲ့ရိုက်ထားသည် မြင်လွယ်အောင် ဥပမာပြရရင် ပန်းခြံတို့ ကစားကွင်းတွေမှာရှိတက်တဲ့ “လျှော”စင်နှင့် ခတ်ဆင်ဆင်တူပါသည် ရွှေကျင်(လောင်း)တော့မည်ဆိုလျှင် ပထမဆုံး “ရှော၊ မျှော”ဆင်။ မျောဆင်တယ်ဆိုတာ စောနက ကျနော်ပြောတဲ့မျောကို(လုံးပတ်)လက်ကောက်ဝတ်လောက်ရှိတဲ့ တိုင်နှစ်တိုင်ကို မျှော နောက်ပိုင်းမှာ လူ့ခါးလောက်နီးပါး အညီစိုက်ပြီးတင် အဲဒီတိုင်နှစ်ချောင်းကိုတော့ ကျင်တိုင်လို့ခေါ်တယ် နောက်တိုင်တချောင်းကိုတော့ ကျင်ဦးတိုင်လို့ခေါ်တယ် ဒီတိုင်ကတော့“မျော“ အဖျားပိုင်းအလယ်တည့်တည့်မှာထောက်ပေးထားတဲ့အတိုင်ပေါ့ ကျင်တိုင်နှစ်ချောင်းကိုလူခါးလောက်အမြင့် စိုက် ကျင်ဦးတိုင်လူ ဒူးသာသာအမြင့်စိုက်ထား အဲဒီအပေါ်မှာ မျောကိုတင်လိုက်တော့ မျောရဲ့အနေအထားဟာ ခေါင်းပိုင်းကမြင့်ပြီး အဖျားပိုင်းမှာ နိပ်ဆင်းနေတော့ ကျနော်ပြောတဲ့ကလေးတွေစီးတဲ့ လျှောစင်ပုံစံနဲ့ တူသွားပါတယ် အဲဒီလျှောရဲ့အမြင့်ဘက်မှာမှ ကျနော်တို့အခေါ်(ပေါက်ကယို့)ဆိုတာရှိသေးတယ် တနည်းပြောရရင် သူက ဇလားပေါ့ အဲဒီဇလား(ပေါက်ကယို့)ရဲ့ ဗျက်အကျယ်က မျောရဲ့အကျယ်နဲ့အတူတူ ပါပဲ အရှည်ကတော့ နှစ်ပေကျော်ကျော်ခန့်ရှိလိမ့်မယ်ထင်တယ် အမြင့်ကတော့ ၅လက်မ ၆လက်မ ခန့်ရှိမှာပါ ပြောမယ်ဆို လေးထောင့်ခွက်ပုံစံပေါ့ အဲဒီလေးထောင့်ခွက်ဇလား(ပေါက်ကယို့)ကို အောက်ပြင်ကို သံပြားနဲ့ ပိတ်ထားတယ် အဲဒီသံပြားကိုတော့ ဂုတ်ညင်းစေ့လောက်အပေါက်ကလေးတွေဖောက်ပေးထားတယ် ရွှေတာ(အလုပ်ကွက်)ထဲက သဲတွေကို”ဂေါ်“နဲ့ကော် ဇလား(ပေါက်ကယို့)ထဲကိုထည့် လူတယောက်က ရေပုံးသေးသေး(မီးသက်ပုံးရွယ်နဲ့)အဲဒီသဲတွေကိုရေလောင်း ရေလောင်းလိုက်တာနဲ့ သဲတွေဟာ ဇလားအပေါက်ကနေ မျောထဲကိုဆင်းပြီး မျောထိပ်မှာ ရေနဲ့အတူလျှောဆင်းသွားတယ် ကြာလာတော့ အဲဒီမြေစာ(ကျင်စာ)တွေဟာ လျှော မျောဦးထိပ်မှာ ပုံပုံကလေးဖြစ်ပြီး မျောဦးထိပ်ကိုထောက်(ထိ)လာတယ် အဲဒီမြေစာ(ကျင်စာ)ပုံကို ကျင်ဦးပုံလို့ခေါ်တယ် အဲဒီကျင်ဦးပုံက မျောကိုထိလာရင် နောက်တနေရာကိုရွေ့ အဲဒီကျင်ဦးပုံအရေတွက်ကြည့်ပြီးတော့လည်း အလုပ်သိမ်းချိန်ကို သပ်မှတ်ကြလေ့ရှိတယ် ပုံမှန်အားဖြင့်တော့ ၁၀နာရီ ၁၁နာရီလောက်ဆို ဆိုင်းဖြုတ်(အလုပ်သိမ်း)ကြပါပြီ သြော် အဓိကတခုကျန်နေသေးတယ်ဗျ စောစောက ကျနော်ပြောခဲ့တဲ့ “မျော“ထဲကို မျော ပြင် အပြည့်ဂုံနီအိပ်တွေဖြတ်ပြီးခင်းထားပေးရတယ် သိမ်းတော့မယ်ဆိုရင် မျောထဲက သဲတွေကုန်တဲ့အထိ ရေလောင်းသူက ဖြေးဖြေးခြင်းလောင်းရတယ် အဲသလိုလောင်းလိုက်တော့သဲကြမ်းတွေအကုန်ဆင်းသွားပြီး သဲနုအမှုန်တွေရယ် သံနှစ်လို့ခေါ်တဲ့အမဲ (အနက်)ရောင်ရှိတဲ့ အမှုန့်တွေ ဂုံနီအခင်းထဲမှာကပ်ကျန်ခဲ့တယ် အဲဒီတော့မှ ဂုံနီအိပ်အခင်းတွေကိုယူပြီး အင်ဝိုင်းထဲကို ရေစပ်စပ်နဲ့ ပုတ်ခါရတယ် ရှိသမျှ ဂုံနီအိပ်အခင်းတွေကိုခါလိုက်တော့ သဲနုအမှုန့်ရယ် သံနှစ်ရယ် ရွှေပွင့်အမှုန့်လေးတွေရယ်ရောနေတယ် အဲဒါကို ရွှေပွင့်တွေချည် သီးသန့်ဖြစ်အောင် အင်ဝိုင်းကို“စကော“၀ိုင်းသလို ၀ိုင်းလိုက် တဖက်ကိုစောင်းပြီး ရေကလေးနဲ့တဖျက်ဖျက်ပက် လက်တဖက်က သဲနုတွေ သံနှစ်တွေကိုဖယ်ပေးလိုက် ၀ိုင်းလိုက် ဖယ်လိုက် ၀ိုင်းလိုက် နောက်ဆုံးမှာ ရွှေပွင့်တွေနဲ့သံနှစ် အနည်းအကျင်းသာ ကျန်နေပါတော့တယ် သံနှစ်အားလုံးကုန်သည် အထိတော့ဖယ်လို့မရတော့ပါဘူး ဒီတော့မှ ပြသား(ပဒါး)ချိန်ဆပြီး ရွှေနဲ့သံနှစ်ရှိနေတဲ့ အင်ဝိုင်းထဲကိုထည့်ပြီး လဖ၀ါးနဲ့ပွတ်ခြေရပါတယ် ဒီလိုလုပ်ခြင်းအားဖြင့် ရွှေပွင့်ကို ပြသားကစုခဲပေးပါတယ် အဲဒါကိုမှ ရေ အနည်းအကျင်းနဲ့ အင်ဝိုင်းကို စောစောကလို ၀ိုင်းလိုက် ဖယ်လိုက် လုပ်ပေးရပြန်ပါတယ် ။ နောက်ဆုံးမှာတော့ ရွှေပွင့်အားလုံးဟာ ပြသားကြောင့် အစုအခဲ (အလုံး) လေး တစ်ခု ဖြစ်သွားပါပြီ အဲဒီ အခဲ လေးကို အ၀တ်စသန့်သန့်လေးနဲ့ စုလိမ်လှစ်လိုက်တော့ ပိုနေတဲ့ ပြသားတွေက ထွက်ကျပြီး မာကျစ်ကျစ် ရွှေဉ်လေးတဥ ရပါပြီ တစ်ခါ အဲဒီ ရွှေဥလေးကို ဖက်ဆေးလိပ်ထိပ်မှာထည့် မီးပြင်းပြင်းဖွါလိုက်တော့ ရွှေဥ ပြသားအရောင်က ပြောင်းပြီး နနွမ်းအရောင် ၀င်းဝင်းအခဲလေး ဖြစ်သွားပြီ အဲဒီရွှေဥကလေးကို ပုလင်းသေးသေးလေးထဲထည့် ဒါဆို ကျနော်တို့ တနေ့တာ ရွှေကျင်ခြင်း အလုပ်ပြီးသွားပါပြီ။
တနှစ်တာကာလပတ်လုံးမှာ နွေမိုးဆောင်း ဆိုတဲ့ သုံးဥတုရှိတဲ့ အနက်က နွေနဲ့ မိုးရာသီများမှာတာ ကျနော်တို့ တစ်ရွာလုံး ယမားချောင်းကြီးထဲမှာ ရွှေကျင်ကြတာပါ ဆောင်းရာသီကာလမှာတော့ ဘယ်သူမှ ရွှေမကျင်ကြတော့ပါဘူး ဆောင်းရာသီမှာ ရွှေကျင်လုပ်ငန်း ကို မလုပ်ပဲ နားနေကြပေမယ့် ကျနော်တို့ရဲ့ ချောင်း မေမေ ကတော့ ခုလို ဆောင်းရာသီမှာ ကျနော်တို့တရွာလုံး အမိချောင်းမကြီးရဲ့ ရင်ပြင်မှာ ကြတ်သွန်တွေ စိုက်ကြတယ်လေ။
သဲချောင်း ပြင်ကြီးထဲမှာ က်ြသွန်စိုက်ရာမှာလည်း နည်းစနစ်လိုပါတယ် ကြက်သွန်ရဲ့ သက်တမ်းဟာ ရက်ပေါင်း ကိုးဆယ် တစ်ရာခန့်သာရှိပါတယ် ကြက်သွန်ရဲ့ မျိုးစေ့ကို တော့ သဲချောင်းမကြီးရဲ့ ကမ်းစပ်က နုန်းမြေတွေပေါ်မှာ ပျိုးကြရပါတယ် အဲဒီ ပျိုးပင်ကိုမှ စိုက်လို့ရမယ့် အချိန်ရောက်ပြန်တော့ နှုက်ပြီး ချောင်းပြင်က ကိုယ့်ရဲ့ အကွက်(အခင်း)ထဲကို ပြန်ပြီး စိုက်ကြရတာ ကြက်သွန်ပျိုးထားတဲ့ (မစိုက်သေးခင်)အချိန်မှာ ကိုယ်ရတဲ့ (ဝေစု အကွက် အခင်း)ကို ကြသွန်ပင်ရဲ့ ကြီးရင့်ပြီး ရေဖြတ်ရမယ့် အချိန်ကို ကွက်တိဖြစ်အောင် ချိန်ဆရပါတယ် ဘာဖြစ်လို့လည်းဆိုတော့ သဲပြင်ရဲ့ အောက်မှာရှိတဲ့ ရေ (စမ်း) ဟာ တဖြည်းဖြည်းနဲ့ အောက်ကို ဆုတ်သွားလို့ပါ အကယ်ရ်ျ သဲပြင်ရဲ့ အောက်ကို ရေ (ှုစမ်း) က တော်တော်လေးဆုတ်သွားတဲ့ထိ ကြသွန်ပင်ဟာ မကြီးရင့်သေးဘူး ရေဖြက်ရမယ့် အချိန်မတန်သေးဘူးဆိုရင် ကြက်သွန် အထွက်နှုန်းရော့ပါတယ် သဲတွေကို ပယ် ဆွဲတာ များလွန်းသွားပြန်ရင်လည်း အစိုဓာတ်ကိုင်ပြီး ကြတ်သွန်ပင် အဖြစ်နှုံး နှေးကွေးပြီး ကြက်သွန် အထွက်နှုံးရော့ပြန်ပါတယ် ဒါကြောင့်မို့ သဲမြေပယ် ရာမှာ ရေ ဆုတ်မဲ့ အနေထားနဲ့ ကြက်သွန်ပင်ကြီးရင့်ပြီး ရေ ဖြက်ရမယ့် အချိန်တို့ကို ကိုက်ညီအောင် ချိန်ဆပြီး သဲ ပယ်ရပါတယ် ကြက်သွန်စိုက်လာတဲ့ ဘ၀တစ်လျှောက်လုံးမှာ ကျနော်တို့ သပြေပင်သားတွေ ဟာ အရှုံးဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး ဘာကြောင့်လည်းဆိုတော့ ချောင်းမေမေ လို့ ကျနော် အမည်ပေးထားတဲ့ ယမားချောင်းကြီးရဲ့ ရင်ခွင်အောက်မှာ တသက်လုံးက ခိုလှုံလာခဲ့ကြသူတွေမို့ ချောင်းမကြီးရဲ့ အကြောင်း ကိုကောင်းကောင်ကြီးသိထားကြသူတွေမို့လေ ။ ဒီနှစ်က်ြသွန်ခင်းစိုက်ရာမှာတော့ မကြုံစဖူး အကြုံထူးတဲ့ နှစ်လို့ ဆိုရမှာပါ ကျနော်တို့ သပြေပင်သားတွေ မျက်စိလည် တဲ့ နှစ်လို့ ဆိုရင်လည်း မှားမယ်မထင်ပါဘူး ဒီနှစ် တစ်ရွာလုံး က်ြသွန်စိုက်ရာမှာ အကြုံထူးခဲ့ရပုံကို ကျနော့် ဆရာ ကိုကျော်မြင့် တစ်ဦးတည်းအကြောင်းကိုပဲ ပြောပါတော့မယ် ကျနော်တို့ သပြေပင်တစ်ရွာလုံး ကြက်သွန်စိုက်ရာမှာ အရှုံးဆိုတာ ဘယ်တုန်းကမှ မရှိခဲ့သလို ကျနော့်ဆရာ ကိုကျော်မြင့် ရဲ့ ဘ၀တစ်လျှောက်လုံးမှာလည်း ဘယ်တုန်းကမှ ကြက်သွန် မရှုံးခဲ့ဖူးတဲ့သူပါ။ ဆရာက နွားမမွေးပါ နွားမမွေးတဲ့ အတွက် ကြက်သွန်စိုက်ရမှာမှာ နွားချေးဖိုး သဲဆွဲ နွားရှင်း ခ တွေကတော့ သူများ တွေထက် အကုန်ကျပိုများတာပေါ့ အရင်းအနှီးဘယ်လောက်ပဲ ကျကျ ကျနော့်ဆရာ ကြက်သွန်မစိုက်တဲ့ နှစ်ရယ်လို့ မရှိခဲ့ပါ ။ ကြက်သွန်စိုက်ချင်း အားဖြင့် ကြက်သွန်နှုက်ပြီးသွားသော်လည်း ကြက်သွန်ခင်းထဲမှာ ပဲလွန်း ခရမ်းချဉ် ဗူး စသည့် အားဖြင့် နွေရာသီ အတွက် ဟင်းချက်စရာ ဟင်းသီး ဟင်းရွက် အပင်တွေက ချော်ငးရေမလာမချင်း အကျိုးခံစားခွင့်တွေ ပေးနေပါသေးတယ် ဒါကြောင့်မို့လည်း ကျနော်တို့ တစ်ရွာလုံး ခုလိုဆောင်းရာသီမှာ ကြက်သွန်ကို လက်မလတ်တမ်းစိုက်ကြတာပါ ကျနော်ဆရာလည်း နွားချေးဖိုး သဲဆွဲငှါးခ တွေ ပိုကုန်တာကို ဂရုမစိုက် ကြသွန်စိုက်ချိန်မှာ ကိုယ့်လက်ထဲ ငွေမရှိရင် တောင်မှ သူများဆီက ကြက်သွန်ပေါ်ရင် ပြန်ပေးမယ်ဆိုပြီး ချေးငှါးစိုက်လာလိုက်တာ အဆင်ကိုပြေလို့ ပေးထားတဲ့ ဂတိအတိုင်း ကြက်သွန်ပေါ်တာနဲ့ ကြက်သွန်ကို ပေါက်ဈေးနဲ့ ဖြတ် အတိုးပါ တွက်ပေးလိုက်တာ ငွေချေးတဲသူကလည်း အတိုးကလေးနဲ့ ဆိုတော့ ပျော်လို့ ကိုယ့်မှာလည်း ကျန်တဲ့ ကြက်တွန်တွေ ရောင်းစားရတဲ့ အပြင် ခရမ်းချဉ်သီး ပဲလွန်း သီးတွေကလည်း ကိုယ်တိုင်တောင် ထက်ရောင်းစရာမလိုဘူး ၀ယ်မဲ့သူတွေက တလျှိုလျှိုနဲ့ဆိုတော့ ဆရာမှာ ကြက်သွန်မစိုက်တော့ဘူးဆိုတဲ့ စိတ်ကူး ဘယ်တုန်းကမှ မကူးခဲ့ဖူးဘူး ကြက်သွန်သိမ်း ချိန်နီးလာပြီဆိုရင် ကြက်သွန်ခင်းဘောင် ကသင်းပေါ်မှာ တဲလေး တွေ ဆောက် ပြီး ကြက်သွန်ခင်းကို ညအိပ်စောင့်ကြရတယ် ကျနော့် ဆရာ ကိုကျော်မြင့်လည်း အကြွေးနဲ့ ယူပြီးစိုက်ထားရတဲ့ သူ့ကြက်သွန်ခင်းကို အများနည်းတူ ညစဉ်ညစဉ် စောင့်လာရင်းနဲ့ တစ်နေ့နံနက် စောစောမှာ တော့ ကျော်မြင့် ကြက်သွန်နှုက်တော့မယ်ဆို တဲ့ ။ ဒါကတော့ တခြားလူမဟုက်ပါဘူး ကြက်သွန်စိုက်စဉ်က ကျနော် ဆရာ ကိုကျော်မြင့်။
နွားချေးဖိုးနဲ့ သဲဆွဲ ခ လိုလို့ ကြက်သွန်ပေါ်ရင် ပြန်ပေးပါ့မယ်ဆိုပြီး ငွေးချေးခဲ့တဲ့ အကြွေးရှင်ပါ။ အဲဒီ အကြွေးရှင်ကို မြင်လိုက်တော့ ကျနော့်ဆရာ တစ်ချက်စဉ်းစားတယ် နောက်မှ သတိပြန်ဝင်လာပြီး ကြက်သွန်ခငင်းကို စိတ်မကောင်းတဲ့ အကြည့်နဲ့ တချက်ဝေ့ကြည့်လိုက်တယ် နောက် အကြွေး ရှင်ဖက်လှည့်ကြည့်ပြီး စကားတစ်ခွန်းပြောတယ် ။ ကျုပ်ဘက်က ကတိအပျက်မခံဘူး ကြက်သွန်းရဲ့ အခြေနေကတော့ ခင်များမြင်တဲ့ အတိုင်းပဲ ကျုပ်တစ်ဦးတည်း အဖြစ်ဆိုးတာ မဟုက်ဘူး အားလုံး အတူတူပဲ ဒါပေမယ့် ဒီအခင်းထဲက ကြက်သွန်ဥကို တစ်လုံးမှ ကျုပ်မယူဘူး ခင်များ ဘက်ကလည်း သာတယ် နာတယ်တွက်မနေနဲ့ ကျုပ်အခင်း တခင်လုံး ခင်များကြိုက်သလို လုပ်တော့ လို့ ပြောပြီး စောင်ထုပ်ကလေးထမ်းကာ ရွာကိုပြန်ခဲ့ပါတော့တယ်….။
ကျနော့်ဆရာ ကိုကျော်မြင့် ကြက်သွန်စိုက်ရာမှာ အရှုံးပေါ်သလို ကျနော်တို့ သပြေပင်တစ်ရွာလုံး ဒီနှစ်မှာ ကြက်သွန်ရှုံးကြပါတယ်။ ကြက်သွန်စိုက်ပျိုးရာမှာ တော်ပါပေဆိုတဲ့ ကျနော်တို့ ရွာသားတွေ ဘာကြောင့် ခုလို လွဲချော်သွားရသလဲဆိုတာ ကတော့ ကျနော်တို့ မိခင် ယမားချောင်းကြီးကို အထက်အညှာက ပိတ်ဆီးကာပြီး “ဆည်“ ကြီး တည်ဆောက်လိုက်တာကြောင့်ပါ ။ အဲဒီ “ဆည်“ ကြီး တည်ဆောက်လိုက်လို့ ဘယ်ရွာသူ ရွာသားတွေကို ဘယ်လို အကျိုးခံစားခွင့်ရကြမယ်ဆိုတာ ကိုမသိပေမယ့် ကျနော်တို့ သပြေပင် တစ်ရွာလုံးမှာတော့ ခုလိုကြက်သွန်စိုက်ရာမှာ အရှုံးပေါ်တဲ့ အပြင် နွေရာသီနဲ့ မိုးရာသီတို့မှာပါ ရွှေကျင်ရမယ့် လုပ်ငန်းတွေပါ ရပ်နားရတော့မယ့် အနေထား ကိုရောက်နေပါပြီ ။ နွေ မိုး ဆောင်း သုံးရာသီလုံးမှာ အမေချောင်း သဲပြင်ပေါ်မှာ လက်ယက်တွင်းလေးတွေယက် တစ်တောင်(နှစ်ပေ)ကျော်ကျော်ရှည်ရှိတဲ့ အုံးမှုတ်ခွက်လေးတွေနဲ့ ခတ်သောက်လို့ရခဲ့တဲ့ အမေ့ရင်ပြင်က အမေ့ရဲ့ ချိုမြမြ ရေကြည်စမ်းတို့ကိုလည်း ခုဆို သဲပြင်ရဲ့ အောက် ခုနစ်ပေလောက် နက်(ရောက်)မှ ရေထွက်နိုင်တော့တဲ့ ဘ၀ အခြေနေဆိုတော့ ကျောက်ခွေ တွေဆင့် ချလို့ ထားရတဲ့ ရေတွင်းဖြစ်သွားတော့ ရေခတ်ရာမှာလည်း ဟိုတုန်းကလို အုံးမှုတ်ခွက်အရိုးတိုတိုလေးတွေနဲ့လည်း ခတ်လို့ မရတော့ပါဘူး ဒီတော့ ရေပုံကို ကြိုးတက် ရေခပ်ရတဲ့ အသွင်ပြင်ဖြစ်သွားပါပြီ….
ယမားချောင်းကြီးရဲ့ အရင်း (အညှာ)ကိုဆီးတားပိတ်ဆို့ပြီး ဆည်ကြီး တည်လိုက်တော့ အထက်ချောင်းညှာမှာ မိုးဘယ်လောက်ပင်ရွာရွာ ကျနော်တို့ ချောင်းမကြီးမှာ ချောင်းရေ အရင်လိုမလာနိုင်တော့ပါ။ ချောင်းရေမလာတော့ ရွှေကျင် ဆိုတဲ့ အလုပ်ကို လည်း ကျနော်တို့မှာ မကျင်ရတော့ပါ။ မိုးကာလမှာ ချောင်းရေ အရင်လို မလာတော့သဖြင့် ဆောင်းရာသီမှာလည်း စမ်းရေ အလွန်ဝေး(ဆုတ်)သွားသောကြောင့် ကြက်သွန်စိုက်ရာမှာလည်း ဖြစ်ထွန်းမှုမရှိတော့လို့ ကြက်သွန်အထွက်မကော်ငးပါဘူး ။ ယမားချောင်းပြင်ထဲမှာ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် လက်လေးနဲ့ တွင်းကလေးဖြစ်ရုံ ယက်လိုက်တာနဲ့ အေးမြတဲ့ စမ်းရေကြည်လေးတွေ တစ်စိမ့်စိမ့် ထွက်ခဲ့တဲ့ အမေ့ချောင်းရင်ပြင်ဟာ အခုတော့ မထွက်နိုင်ရှာတော့ပါဘူး ။ အထက်ချောင်းအညှာပါ ဆည်ကြီး တည်ဆောက်လိုက်လို့ ကျနော်တို့ သပြေပင်တစ်ရွာလုံးရဲ့ ကျေးဇူးရှင် ချောင်းမေမှော ကျနော်တို့ အပေါ် မှာ အရင်လို သူ့မေတ္တာ စေတနာတွေကို အပြည့် အ၀ မပေးနိုင်ရှာတော့ပါဘူး………။
ကျနော်တို့ တစ်ရွာလုံးမှာ ယမားချောင်းကြီးကပေးတဲ့ သဘာဝရင်းမြစ်တွေနဲ့ အသက်မွေးဝမ်းကြောင်းပြုနေရတာမို့ ဆည်ကြီး မတည်ဆောက်ကြပါနဲ့လို့လည်း မတားဆီးနိုင်ကြပါ၊ တားဆီးလို့လည်း ရမည်မဟုက်ပါ ဒီဆည်ကြီး ဖြစ်မြောက်လာအောင် စီမံကိန်းဆွဲသူ တွေကလည်း အကျိုးမြတ် ခွဲခြမ်းစိတ်ဖြာပြီးမှ အကောင်ထည်ပေါ်တာဖြစ်ပါလိ့မ်မည် အဲဒီလို ဆည်ကြီး တည်ဆောက်လိုက်လို့ ပြည်သူအများ အကျိုးများမယ်ဆိုရင်တော့ ကျနော်တို့ တစ်တွေလည်း အများအတွက်ဆိုတော့ ဘာများ တက်နိုင်ဦးမှာလည်း ။
ဖြစ်နိုင်ခဲ့မယ်ဆိုရင်တော့ ကျနော်တို့ သပြေပင် တစ်ရွာလုံးကို မေတ္တာတရားတွေ အပြည့်ဝ ပေးနိုင်သော အရင်ကလို ရေအလျှင်တွေ တသွင်သွင်စီးဆင်နေသော (သဘာဝအတိုင်း ) အရင်ကအတိုင်း ပြန်ဖြစ်ပါစေလို့ အမေ့ အကြင်နာ တရားတွေကို အောင်းမေ့ သတိရ တမ်းတရင်း ကျနော်တို့ သပြေပင် တစ်ရွာလုံး အမေ ပြန်အလာကို စောင့်မျှော်နေကြပါတယ် ချောင်းမေမေရယ်……………။
ရေးစပ်သီကုံးသူ။ ။ ကိုဇော်လွင်( R.B.B) မန္တလေး

No comments:

Post a Comment

Note: Only a member of this blog may post a comment.