စာပြေး

သပြေပင်ကျေးရွာ စုစည်းရာမှ ၀မ်းမြောက်ဝမ်းသာစွာ ကြိုဆိုပါသည်

Tuesday, February 12, 2013

ရင်တွင်းဆန္ဒ



ကျနော့်ရွာက “သပြေပင်“။ သပြေပင်ရွာဆိုတာ မကွေးတိုင်း မြိုင်မြို့နယ်ရဲ့ မြောက်ဖျားက ဘန့်ဘိုးအုပ်စု အတွင်းက ရွာလေးတစ်ရွာပါ ။ ရွာကလေးဆိုမှ တကယ့်ကို ရွာငယ်ကလေးပါ ကျနော့်တို့ သပြေပင်ရွာကလေးရဲ့ လေးမျက်နှာဘေးပတ်ဝန်းကျင်မှာတော့ ရွာကြီးတွေ ချည်းပါပဲ အဲဒီရွာကြီးတွေထဲက ကျနော်တို့ရဲ့ အရှေ့မြောက်ဘက်၊ ဓါးလွယ်ခုတ်အနေအထားမှာရှိတဲ့ “ဇီးပဏီ“ဆိုတဲ့ ရွာမှာတော့ ကျနော်နဲ့ ခင်မင်တဲ့ သူငယ်ချင်း အပေါင်းသင်းတွေ တော်တော်လေးများတယ် လူပျိုပေါက်စန အရွယ်ဆိုတော့ သူငယ်ချင်းတွေရှိတဲ့ ရွာကို ခဏခဏ သွားလည်ဖြစ်သလို မကြာခဏဆိုသလို လာလည်လေ့ရှိကြပါတယ် အဲသလို သူတို့တစ်တွေ ကျနော်တို့အိမ်ကိုလာလည်တဲ့အခါတိုင်း ၊ကြာကြာထိုင်ပြီးစကားပြောတယ်ဆိုတာ သိပ်မရှိလှပါဘူး။ ဘာကြောင့်လည်းဆိုတော့ အိမ်မှာကလူကြီးမိဘ ညီကို မောင်နှမတွေနဲ့ဆိုတော့ စိတ်ကျဉ်းကြပ်မှာစိုးတာရယ် လူငယ်တွေဆိုတော့လူကြီးတွေကြားမှာ စကားတွေပြောမှား ဆိုမှားဖြစ်မှာစိုးတာရယ် ကြောင့်ပါ ။ဒါကြောင့်မို့လူငယ်ကာလသား လူပျိုပေါက်စနတွေ လွတ်လွတ်လပ်လပ် ပျော်နိုင်ပါးနိုင်မယ့် ထန်းတောမှာပဲ ထန်းရေသောက်ရင်းအချိန်ကုန်ခဲ့ကြတာများပါတယ်။
ကျနော် သူတို့ရွာကို သွားလည်တဲ့အခါမှာလည်း ထို့အတူပါပဲ အိမ်မှာကြာကြာမထိုင်ဖြစ်ပါဘူး သူငယ်ချင်းတွေစု ထန်းရည်ဆိုင်မှာထိုင် သူ့ဆီရောက်သောက် ကိုယ့်ဆီလာသောက် ဒီလိုနဲ့ ထန်းရေသမားလေးတွေဖြစ်မှန်းမသိဖြစ်နေပါတယ် ။ ဒါပေမယ့် ထန်းရေကို စွဲလန်းပြီး အကြိုက်ကြီးကြိုက်လို့ သောက်နေကြတာတော့ မဟုတ်ပါဘူး။ အိမ်မှာ လူပိုတစ်ယောက်လိုဖြစ်နေတဲ့ ငယ်ရွယ်သူတွေဆိုတော့ အားလပ်တဲ့အချိန်တိုင်း သူငယ်ချင်းတွေကို ခင်မင်လို့ တမင်တကာဆုံဖြစ်ကြတာပါ တခြားဘာရည်ရွယ်ချက်မှတော့မရှိပါဘူး၊ ရည်ရွယ်ချက်မရှိသလို သောက်လို့မူးတဲ့အခါတိုင်းလည်း ပတ်ဝင်းကျင်ကို အနှောက်ယှက်ဖြစ်စေမဲ့ အပြုမူမျိုးတွေကိုလည်း၊ မပြုလုပ်ခဲ့ကြပါဘူး။ဒါတွေကတော့ ကျနော်တို့ အရွယ် ဆယ်ကျော်သက် လူပျိုပေါက်စ အချိန်အရွယ်က အကြောင်းတွေရယ်ပါ။
အခုတော့ဖြင့်“တွံတေးသိန်းတန်”ရဲ့ အသီးတစ်ရာ အညှာတစ်ခုဆိုတဲ့ သီချင်းလေးထဲက ”တ၀မ်းတခါးအတွက်မို့ …တလမ်းဆီသွားခဲ့ကြပေ…ဟေ့.. သူငယ်ချင်းရေ….”ဆိုသလိုပါပဲ။ အသက်တွေကြီးလာကြပြီ လောကအလယ်မှာ ကိုယ့်ဘ၀အတွက် ကိုယ်ကိုတိုင် ဖန်တီးပြီး တည်ဆောက် ရတော့မဲ့အရွယ်မှာတော့ ငယ်ငယ်က ခင်မင်ခဲ့တဲ့ ငယ်သူချင်းတွေနဲ့ ဝေးကွာခဲ့ကြရတာ တော်တော်ကြာခဲ့ပါပြီ ခုဆိုကျနော်က မန္တလေးမြို့မှာ တချို့သူငယ်ချင်းတွေလည်း အခြားသောနေရာ ဒေသတွေမှာ ရောက်ကုန်ကြပါတယ် ဘ၀ပေးအခြေနေတွေကြောင့် တရပ်တကျေးမှာ ဝေးကွာနေခဲ့ရပေမဲ့ ငယ်ကပေါင်းခဲ့ကြတဲ့ သူငယ်ချင်းတွေကို မမေ့နိုင်ပါဘူး။ လူချင်းမတွေ့ကြရပေမဲ့ ကိုယ့်အရပ်ကလာတဲ့လူတိုင်းကို ရွာက သူငယ်ချင်းတွေအကြောင်းကိုမေးဖြစ်ပါတယ် ”၀င်းဇော်”ဆိုတာ ဇီးပဏီရွာက ကျနော်ခင်မင်ရတဲ့ သူငယ်ချင်းတွေထဲမှာ တယောက်ပါဝင်ပါ ဒီကောင်ကြီးနဲ့ကတော့ မကြာ မကြာ တွေ့ဆုံဖြစ်ပါတယ် အရင်ကတော့ သူလည်းဘဲ မန္တလေးမှာပါ ခုတော့ အိမ်ထောင်ကျပြီး မြောင်မြို့ စက်မှုလယ်ယာဦးစီးဌာန မှာ တာဝန်ထမ်းဆောင်နေတာဆိုတော့ မန္တလေးမြို့မှာ နေတုန်းကလိုတော့ ခဏခဏ မတွေ့ဖြစ်ကြတော့ပါဘူး တစ်နှစ်တခေါက် ရွာကိုအလည်ပြန်တဲ့ အခါတိုင်းမှာ ကျနော့သူငယ်ချင်းတွေနဲ့တော့ မဆုံဖြစ်ကြတော့ပါဘူး ဘာကြောင့်လည်းဆိုတော့ ကျနော်ရွာရောက်အခါမှာ ကျနော့သူငယ်ချင်းတွေက ”အထမ်း”ထွက်နေတာနဲ့ဆုံလို့ပါ အထမ်း ထွက်တယ်ဆိုတာ အလုပ်သွားတာကိုပြောတာပါ သူတို့အလုပ်က ဒီလိုဗျ မုံရွာမြို့ကို တက်ပြီး ၀န်ပေါ့တဲ့ ဒန်အိုး ဒန်ခွက်တို့ ကြာရှည်အထားခံတဲ့ မုန့်ခြောက်တို့ကိုဝယ် အဲဒါတွေကိုသယ်ပြီး ဝေးသီခေါင်ဖားတဲ့ တောင်ပေါ်ဒေသတွေကိုသွားပြီး ဒေသထွက်ကုန်ပစ္စည်း များနဲ့ အလဲ အထပ်လည်းလုပ်တယ် ကိုယ့်ကုန်ပစ္စည်း သက်သက်ကိုလည်းရောင်း ငွေလက်ငင်းနဲ့လည်းရောင်းတော့ ကျနော့ သူငယ်ချင်းများအတွက် ဒီ အထမ်း လုပ်ငန်းဟာ ငယ်ပယ်ဒေသ အနှံ့ရောက်ရပြီး လူမျိုးပေါင်းစုံနှင့် ဆက်ဆံ ရောင်းဝယ်ဖောက်ကားလုပ်ရတာဖြစ်တော့ ဒေသန္တရ ဗဟုသူတလည်းရသလို လူမှုဆက်ဆံရေးမှာလည်း အသိ အမြင် အတွေး အခေါ်တွေ တိုးတက်ကျယ်ပြန့်လာကြပါတယ် နောက်ပြီး ဒီလုပ်ငန်းဟာ သူတို့အတွက် ကိုယ်ပိုင်လုပ်ငန်းတစ်ခုလည်းဖြစ်နေတော့ သူတို့ကြိုးစားသလောက် အကျိုးအမြတ်တွေကရ နေလေတော့ အလုပ်ကိုတော်တော်ပဲ ကြိုးစားလုပ်ကိုကြပါတယ် ဒါပေမယ့် ကျနော့သူငယ်ချင်းတွေထဲက ”နိုင်လင်း“၊ ”မင်းလွင်”၊သစ်လွင်” တို့ သုံးယောက်ရဲ့ အခြေနေကတော့ စိတ်မကောင်းစရာပါ စိတ်မကောင်းစရာဆိုတာ အခြားတော့မဟုတ်ပါဘူး ကျနော်တို့သူငယ်ချင်းတွေ ဘာစိတ်ကူးမှမရှိဘဲနဲ့ အပျော်အပျက်အနေနဲ့သောက်ခဲ့ကြတဲ့ ထန်းရေ ဒီထန်းရေ အရက်ဟာ ငယ်ရွယ်စဉ်လွတ်လပ်တဲ့အချိန်တုန်းက လူငယ်သဘာဝဆိုတဲ့အကြောင်းပြချက်နဲ့ သောက်ခဲ့စဉ်ကဆိုးကျိုး တွေကို ထည့်တွက်မစဉ်းစားနိုင်ခဲ့ပေမယ့် အသက်အရွယ်ကြီးပြင်းလာပြီး ခုလိုကိုယ့်ဘ၀ကိုယ်လမ်းကိုလျှောက် ကိုယ့်မိသားစုရဲ့ တာဝန်တွေကို ကိုယ်ကိုယ်တိုင်ထမ်းရွက်ရတော့မယ့်အရွယ်မှာတော့ ဒီထန်းရည်အရက်ဆိုတဲ့ အရာတွေနဲ့ မပျော်သင့် မသောက်သင့်တော့ပါဘူး။ စောနက ကျနော်ပြောခဲ့တဲ့ ကျနော့သူငယ်ချင်းသုံးယောက် ရဲ့ စိတ်မကောင်းစရာဆိုတာဟာ အဲဒီသူငယ်ချင်းသုံးယောက်ဟာ ထန်းရည်အရက်ကို အမြဲလိုလို (နေ့တိုင်း)သောက်နေကြတယ်ဆိုတဲ့အကြောင်းကြားသိခဲ့ရလို့ပါ တခု တော်သေားတာက အဲဒီသူငယ်ချင်းသုံးယောက်လုံးဟာ အရက်ရဲ့ကျေးကျွန်တွေဖြစ်နေတဲ့အထိတော့ မရောက်သေး မဖြစ်သေးပါဘူး ဒီတော့ သူတို့တတွေဟာပြုပြင်လို့ရနိုင်ပါသေးတယ်၊ ဒီနေရာမှာ အရက်ရဲ့ဆိုးကျိုးတွေကို ကျနော်မပြောလိုတော့ပါဘူး ဘာကြောင့်လည်းဆိုတော့ ကျနော်တို့တတွေဟာ မြတ်စွာဘုရားရဲ့ အဆုံးအမကို ခံယူနေကြတဲ့ ဗုဒဘာသာမြန်မာလူမျိုးတွေဆိုတော့က အရက်ရဲ့ဆိုးပြစ်တွေကို လူတိုင်းလိုလိုသိထားပြီးဖြစ်ပါ လိမ့်မယ် ဒါပေမယ့် မျိုးဆက်သက်လူငယ်လေးတွေကိုတော့ ကျနော်တို့ ငယ်ငယ်ကလို မသောက်ကြစေချင်ပါဘူး အပေါင်းသင်းသူငယ်ချင်းတွေကို ထန်းရည်အရက်နဲ့ ဧည့်ခံလည်းဘဲ သူငယ်ချင်းတွေက လက်ခံမှာပါ အပေါင်းသင်းတွေနဲ့ ၀ိုင်းဖွဲ့ပြီး ထန်းရည် အရက်သောက်နေမဲ့အစား ဂီတအကြောင်း စာပေအကြောင်း တခြားကိုယ်ဝါသနာပါတဲ့ အနုပညာအကြောင်း ဘာသာရေး လူမျိုးရေး အသိပညာ စတဲ့ ဥာဏ်ပညာပါတဲ့ အကြောင်းအရာကို ၀ိုင်းဖွဲ့ပြီး အသိချင်းဖလှယ် ဆွေးနွေးကြမယ်ဆိုရင် ပျော်စရာလည်းကောင်း အသိမြင် အတွေးခေါ်တွေလည်း ပိုတိုးလာလို့ အားလုံးလိုလို အကျိုးရှိရှိနဲ့ အချိန်တွေကုန်ဆုံးသွားနိုင်ပါတယ် လမ်းမှန်ကိုရွေးချယ်နိုင်ဖို့ လူငယ်တွေဘ၀မှာ အင်မတန်အရေးကြီးပါတယ်။ ဒါကြောင့်မို့ လူတွေကို ဖျက်ဆီးမဲ့ အကျိုးယုတ်စေမယ့် သေရည်သေရက်(ထန်းရည်)ကို အကျင့်လုပ်ပြီး လူငယ်လေးတွေ မစမ်းသပ်၊ မသောက်သုံးကြပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ် လူငယ်တွေဟာ အနာဂတ်အတွက်အရေးကြီး အရေးပါမယ့် ပုဂ္ဂိုလ်လေးတွေဖြစ်လာနိုင်ပါတယ် ဒီလိုဖြစ်ဖို့ရာအတွက် အကျင့်စရိုက်ကောင်းတွေ ကိန်းအောင်းနေဖို့ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိအမြင် အတွေးအခေါ်တွေရှိနေဖို့ စတဲ့ သူတော်ကောင်းတရားတွေနဲ့ပြည့်စုံဖို့အတွက် ငယ်ရွယ်စဉ် ကလေးဘ၀ကတည်းက အသိပညာ အတက်ပညာတို့ကို ဆည်းပူးရင်း စာရိတ္တကောင်းမွန်အောင် ကျင့်ကြံနေထိုင်သွားနိုင်ဖို့လိုပါတယ် လူငယ်တိုင်းဟာ စာရိတ္တရဲ့ တန်ဖိုးကို သိမြင်ပြီး စာရိတ္တကို တန်ဖိုးထား မြတ်နိုးကာ စာရိတ္တကောင်းခြင်းဂုဏ်နဲ့ပြည့်စုံအောင်ကြိုးစားဆောင်ရွက်နေထိုင်သွားကြရပါလိမ့်မယ် ဒီလိုအသိတရားတွေ ရနိုင်ဖို့ ရှိနိုင်ဖို့ အတွက်ဆိုတာလည်း လူကြီးသူမ ဆရာသမားကောင်းတို့ ပညာရှိသူတော်ကောင်းတို့ရဲ့ ဆုံးမသွန်သင်ညွန်ကြားမှုတွေကို ယိုကျိုးစွာနာခံလိုက်နာဖို့နဲ့ မြတ်ဗုဒ္ဒရဲ့ တရားတော်ကို နာယူကျင့်ကြံမှုတို့ကိုလည်း ပြုလုပ်ကြဖို့လိုပါတယ် ဒါ့ပြင် အထွေထွေဗဟုသုတတွေ ရရှိဖို့ကိုလည်း စာအုပ်စာပေတွေကိုလည်း ဖက်ရှု့လေ့လာဖို့လည်းလိုပါလိမ့်မယ် လူ့ဘ၀ဆိုတာ အင်မတန်ရခဲလှပါတယ် ဒီလိုရခဲလှတဲ့လူ့ဘ၀မှာ သူတော်ကောင်းတရားတွေကို လက်ကိုင်ထားပြီး မိသားတစ်စုအတွက် ကိုယ့်ပတ်ဝန်းကျင် ကိုယ်နေထိုင်ရာ ကိုယ့်ရပ်ရွာ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံအတွက် အားကိုးအားထားပြုနိုင်မယ့် လူတော်လူကောင်းလေးတွေဖြစ်လာအောင်ကြိုးစားကြပါ။
အနည်းဆုံး မိသားစုအတွက် ကိုယ့်ရပ်ရွာအတွက် ကိုယ့်နိုင်ငံအတွက်ကောင်းကျိုးတွေ မဆောင်ရွက်ပေးနိုင်ရင်တောင်မှ အကျိုးယုတ်စေမယ့် စိတ်ထားတွေ မမွေးဖွါးမိကြပါစေနဲ့လို့ ဆန္ဒပြုရင်း…။
သပြေပင်ကျေးရွာမှ ညီငယ် ညီမငယ်များ မိသားစုအတွက် ကျေးရွာအတွက် တိုင်းပြည်အတွက် အားကိုးအားထားပြုလောက်တဲ့ လူတော် လူကောင်းလေးတွေ ဖြစ်နိုင်ကြပါစေ…..။
ရေးသားစီကုံးသူ ။ ။ ကိုဇော်လွင် (R.B.B) မန္တလေး……။

No comments:

Post a Comment

Note: Only a member of this blog may post a comment.