စာပြေး

သပြေပင်ကျေးရွာ စုစည်းရာမှ ၀မ်းမြောက်ဝမ်းသာစွာ ကြိုဆိုပါသည်

Tuesday, February 12, 2013

သူငယ်ချင်းထံ ပေးစာများ (၁)


သူငယ်ချင်းရေ…..သပြေပင် ဆိုတဲ့ ကိုယ်တို့ ကျေးရွာလေးနဲ့ ဝေကွာခဲ့ရတာ နှစ်တွေ ကြာခဲ့ပြီးကွာ ။ အခြေနေမပေးလို့ တနယ်တကျေးမှာ ဝေးကွာနေရပေမယ့် သပြေပင်ဆိုတဲ့ ကိုယ်တို့ရွာကလေးနဲ့ မင်းတို့ တစ်တွေကို အမြဲထာဝရ ကိုယ်ကတော့ သတိရနေလျက်ပါ ကိုယ့်မိဘ ညီအစ်ကို မောင်နှစ်မများနဲ့ အဖိုးအဘွားဆွေမျိုးများ ကိုယ့်နယ်သူ ကိုယ့်နယ်သား အပေါင်းဖော် မိတ်သင်္ဂဟ တွေကိလည်း သတိရမြဲပါပဲ…
သူငယ်ချင်းရေ…ကိုယ်တို့ ငယ်ငယ်ကလေးအရွယ်က လသာတဲ့ညတိုင်းမှာ အမေထွေး အိမ်ဝိုင်း အကျယ်ကြီးထဲမှာ အမေသိန်း (ဒေါ်လှသိန်း)အိမ်ဝိုင်းအကျယ်ကြီးထဲမှာ ကြက်ဥ၀ှတ်တမ်းး ၊ ထုပ်ဆီးတိုးတမ်း ၊ ညောင်ပင်တစ္ဆေ လုပ်တမ်းကစားခဲ့ကြရတာလေးတွေကိုလည်း ကိုယ်ကတော့ သတိရနေမိသေးတယ်ကွာ။ ကိုယ်တို့တွေကို ၊ ယဉ်ကျေးသိမ်မွေ့လာအောင် နူးညံ့တဲ့ နှလုံးသားပိုင်းရှင်တွေဖြစ်လာအောင် မြတ်စွာဘုရားရဲ့ တရားတော်တွေကို လိုက်နာ ကျင့်သုံးနိုင်အောင် သွန်သင်ဆုံးမပေးခဲ့ရှာတဲ့ ဆရာတော်ဘုန်းကြီးနဲ့ ဘုန်းတော်ကြီး ကျောင်းတော်ကြီးကိုလည်း မှန်းမျှော်ပြီး ရှိခိုးကန်တော့မိတာလည်း အကြိမ်ကြိမ်ပါပဲ သူငယ်ချင်းရယ်…ကိုယ်တို့အရွယ်လူမမယ် ကလေးဘ၀က မြန်မာ့စာပေရဲ့ အခြေခံဖြစ်တဲ့ ကကြီး အစ အ အဆုံး စာလုံးအပေါင်းကို သဘောပေါက်နားလည်အောင် ငေါက်ချည်တခါ ချောချည်တလှည့်နဲ့ စာပေပညာကိုသင်ပေးခဲ့ကြတဲ့ ဆရာ ဆရာမကြီးများနဲ့ မူလတန်းကျောင်းတော်ကြီးကို လည်း အစဉ်အမြဲ တလေးတစားနဲ့ အလေးထားလျှက်ပါပဲ သူငယ်ချင်းရယ်…။
သူငယ်ချင်းရေ……နေညိုချမ်းဆည်းဆာလွှမ်းတဲ့ ညနေချမ်းအချိန်မှာ ကိုယ်တို့သူငယ်ချင်းတွေ သောက်ရေခပ်ဆင်းခဲ့ကြတာတွေကိုလည်း မမေ့နိုင်ခဲ့ဘူးပေါ့။ မိန်းကလေးများက ရေအိုးကိုယ်စီရွက်လို့ ကိုယ်တို့ ယောင်္ကျားလေးများကတော့ ရေအိုးကိုတဖက်တစ်အိုးထည့်ပြီး ထန်းပိုးနဲ့ ထမ်းရတဲ့ “ဆိုင်းတန်း“ လေးတွေကို ကိုယ်စီထန်းကာ စကားလေးတွေ တပြောပြော ၊ သီချင်းလေးတွေတကြော်ကြော်ဆိုကာ ရွာမြောက်ဖက်က ယမားချောင်းကြီးထဲမှာ လေးပေပတ်လည်လောက် လက်ယက်တွင်းလေးထဲက တစိမ့်စိမ့်ကျနေတဲ့ ကြည်မြမြ စမ်းရေအေးအေးလေးကို တစ်တောင်ကျော်ကျော် (သုံးပေခန့်) အရိုးရှည်ရှည် အုန်းမှုတ်ခွက်လေးနဲ့ ထွက် တဦးနဲ့ တစ်ယောက်နောက်ပြောင် ကြည်စယ်ခဲ့ကြပုံလေးတွေကို ကိုယ်တော့ မေ့မရနိုခဲ့ဘူး သူငယ်ချင်းရယ်…။
သူငယ်ချင်းရေ နွားတွေ တအုပ်တမကြီးနဲ့ ဆပ်ပဂျင်း(ဆပ်ပြာကျင်း)တောကို နွားကြောင်းခဲ့ကြတာကော မှက်မိသေးရဲ့လား ကိုယ်ကတော့ ယနေ့ထိမြင်ယောင်မိသေးတယ်ကွာ။ ကိုယ်တို့ကြောင်းတဲ့နွားတွေက များသလို ဆပ်ပဂျင်း(ဆပ်ပြာကျင်း)ကကျယ်တော့ အဆင်ပြေတယ်နော် နွားတွေကိုလွှတ်လိုက်ပါပြီဆိုကတည်းက ရွာအပေါက်ကနေ လှည်းလမ်းမကြီးရဲ့ဘေးတဖက်တချက်မှာ တာဝန်ကိုယ်စီယူပြီး ဆပ်ပြာကျင်း ရောက်တဲ့ အထိ နွားအုပ်ကြီးနဲ့အတူ ပြေးလိုက်ခဲ့လိုက်ကြရတာ ဆပ်ပြာကျင်းရောက်တော့လည်း ရေစိမ့်ကုန်းတစ်မဖက်က တာဝန်ယူရသူ ဟိုး မြောက်ဖက် အိန့်ပိုင်းကို တာထီယာခင်းဖက်က တာဝန်ယူတဲ့သူနဲ့ သူ့နေရာနဲ့သူ ၀ာာဝန်တွေ အသီးသီးခွဲဝေခဲ့ကြတယ်လေ။ မြင်ယောင်မိသေးတယ် “မောင်မို့“တို့ ၀င်းခိုင်တို့က ကိုတာတီးရဲ့ အခင်းဘက်က ထန်းပင်လေးတွေရဲ့ အရိပ်အောက်မှာ ကန္တာရတုတ်တိုလေး တချောင်းစီနဲ့ လေလေးတကြူကြူနဲ့ပေါ့ သစ်လွင်ကတော့ ”ဂွ”တစ်စင်းနဲ့”ငုံး”လိုက်ပြစ်နေတာ ကိုယ်ကတော့ ကမ်းပါးထိပ်မှာသီချင်းတွေအော်လို့ပေါ့ တခါတလေကျတော့လည်း ”ထူး”ထဲမှာ ရေချိုးရင်းငါးဖမ်းခဲ့ကြတယ်နော်။ သူငယ်ချင်းရေ ဟန်စိန်ကြီးကို
ဘ လေး အေးမော်က နဖူး ရွှေတောင်နဲ့ရိုက်ခဲ့တာလည်းမှတ်မိသေးတယ်ကွ၊ ဒီကောင့်”ဂျိုထောင်ထောင်မက ဆိုးတာကိုး၊ တခါသား”အောင်သိန်း”လိုက်လာတဲ့နေ့ကဆို ပြေးလိုက်တာကွာ ”ဘ လေးခင်မောင် အခင်းကစပြီး ကိုဆယ်ညွန့် အဲဒီကနေ ပြေးလိုက် ဟိုတောင်ထဲထိရောက်တယ် ဂျိုးထောင်မ ဆိုမှ တကယ့်ကို ဂျိုထောင်တဲ့ နွားမကွ အဲဒီနွားမကြီးကော ခုထိရှိသေးသလားမသိဘူး မှတ်မှတ်ရရ ဒို့တွေနွားကျောင်းခဲ့တဲ့ကာလတစ်လျှောက်လုံး တခါတော့အတိုင်ခံလိုက်ရတယ်နော် တကယ်တော့ အဲဒီတုန်းက အခင်းဝင်တာ ငါ့နွားမပါဘူးကွ မောင်ချောကလျှောက်ပြောလိုကငါပါ ခံလိုက်ရတာ အဲဒီတုန်းက တော်သေးတယ်နော် ဦးဆယ်ညွန့်တို့က ဒို့ကိုသက်ညှာလို့ ဒို့မိဘတွေတောင်းပန်တာနဲ့ ကျေအေးပေးလိုက်တာ ဒါနဲ့”ဘ လေး အေးမောင်”ကြီးကော နေကောင်းရဲ့လားကွ သူလည်းပဲဒို့အပေါ် ကျေးဇူးရှိတယ်နော် သူ့အခင်းထဲဆို ဒို့နွားတွေ ခဏခဏ၀င်တာဘဲ ဒါပေမယ့် တိုင်လားတောလားမလုပ်ပဲ ဒို့ကိုရိုက်ဆုံးမတာ ငေါက်တာလောက်နဲ့ပဲပြီးခဲ့တာမဟုတ်လား ဒါ့ပြင် ကိုယ်တို့တတွေကို သူ့တူသားနောင်မယ်တွေလို ဆုံးမပေးရှာတယ်လေကွာ။
သူငယ်ချင်းရေ နွားကျောင်းရင်း ကိုယ်တို့တတွေလုပ်ခဲ့ကြတာတွေကိုပြန်ပြောပြရရင် ဆုံးမှာမဟုတ်ဘူးကွာ ဒီတော့ နွားကျောင်းရင်းကြုံတွေ့ခဲ့ကြရတဲ့ အဖြစ်ပျက်လေးတွေကိုလည်း ကိုယ့်မျက်စိထဲမှာမြင်ယောင်ဆီပါလို့ ရွာမှ သူငယ်ချင်းများသို့ သတိရတမ်းတလျှက်…..။
သူငယ်ချင်းရေ…မိုးဖွဲဖွဲလေးတွေကျတဲ့ လမိုက်ညများမှာ ငှက်ကောင်ရိုက်ခဲ့ကြရတာကိုလည်း မှတ်မိဦးမှာပေါ့။ ကိုယ်တို့ဆရာတပည့်နှစ်ယောက်မှာတော့ ဘယ်တုန်းကမှ သူများတွေလောက်မရခဲ့ကြပါဘူး။ အကုသိုလ်အကျိုးပေးနည်းတယ်ထင်ပါရဲ့ ဒါပေမယ့် တခုတော့ရှိတယ်ကွ ငါပြောပြရဦးမယ် ဒို့ဆရာ တပည့်နှစ်ယောက် အကြောင်း ထုံးစံအတိုင်းပေါ့ကွာ ငါ့ဆရာ ကိုကျောင်မြင့်က ခြောက်ဘို့ ဘက္တရီအိုးလေး တစ်ဖက်ကဆွဲ ဓါတ်မီးလေးတ၀င်းဝင်းနဲ့ ငှက်ရိုက်တုတ်ကလေးတဆ ဆနဲ့ပေါ့ ရှေ့မှာ ငုံးကြောင်ကြီးနှစ်ကောင် ၀တ်နေတာ နောက်ကနေတဲ့ ငါတောင်မြင်နေရတယ်ဆိုတော့ ငါ့မှာ အိပ်ကလေးထဲ ကောက်ထည့်ရအောင် ဟန်ပြင်နေရတာပေါ့ ဒါပေမယ့် သူငယ်ချင်းရေ ငါ့ဆရာ ဘုလုပ်တယ်ထင်တုန်း တုတ်လေးနဲ့တို့ကြည့်သတဲ့ဗျာ သြော်…ငါ့ဆရာ ငုံးမို့ မရိုက်တာနေမှာပါဆိုပြီး ငါ့မှာငြိမ်နေရတာပေါ့ ရှေ့နားရောက်တော့ဖုန်း ဆို အားရပါးရရိုက်ပါလေရော့ ငါ့မှာ ဇဝေဇ၀ါဖြစ်နေတာပေါ့ ဘာကြောင့်လဲ သိလား သူငယ်ချင်းရဲ့ ၊ ငါ့ဆရာ ကိုကျော်မြင့် အားပါးတရရိုက်ထည့်လိုက်တာ ထန်းသီးမှုတ်ခွံကြီးဖြစ်နေလို့ကွ နောက်တစ်နေ့ကျတော့ ဒီအကြောင်းတွေကို အမေ့ကိုပြောပြတော့ ရယ်လိုက်လေကွာ အမေကပြောသေးတယ်” မင်းဆရာ အမူးမပြေသေးလို့နေမှာပေါ့” တဲ့ တကယ်တော့ ငါ့ဆရာ အဲဒီအချိန်တုန်းက မသောက်တက်သေးဘူးကွ ခုမှဘယ်နှယ့်”ဇိုး”သမားဖြစ်သွားမှန်းမသိပါဘူးကွာ ။
သူငယ်ချင်းရေ….ဒို့တွေ ယမားချောင်းထဲမှာ ရွှေကျင်ခဲ့တာလေးတွေကိုလည်း သတိရသေးတယ်ကွာ အဲဒီအထဲကမှ အမှတ်တရရှိတာလေး ပြောပြရဦးမယ် တစ်နေ့သားဟာ ငါရယ် သစ်လွင်နဲက ကျော်တင်ရယ်ပေါ့ အဲဒီတုန်းက ဒို့ဆရာ ကိုမြင့်မောင်ရယ်ပေါ့ ဒို့သုံးယောက်ကို ဇီးပဏီ လူလမ်းကူးအောက်နားက ခုနစ်ဆန် ရှစ်ဆန်(ရွှေပွင့်)ပါတဲ့ နေရာလေးမှာ မင်းတို့လောင်းနှင့်ကြ လို့ပြောပြီး အင်ဝိုင်းလေးလွယ် ဂေါ်လေးထမ်း ဆေးလိပ်တိုလေးနားကြားညှပ်ပြီး အောက်ထဲဆင်းသွားလိုက်တာ ပေါ်ကို မလာတော့ ငါတို့သုံးယောက်သားမှာ ”တာ”ကလည်း မလှတော့ မျှော်ရင်းမျှော်ရင်း ပေတေလောင်းနေလိုက်ကြရတာ နောက်တော့ မထူးပါဘူးကွာဆိုပြီး ရွေကြော နက်သမီး အမေစော မကြိုက်ဘူးဆိုတာတွေလည်း ပြောလို့ပြော အို…အဲဒီနေ့ကတော့ မယုက်သုတ်ခနဲ့ အကုန်လျှောက်ပြောပြစ် လိုက်ကြတာ စုံလို့စိလို့ကွာ နေလေးကလည်း အတန်မြင့်လာ ဗိုက်ကလေးတွေလည်းဆာလာတော့ ဆရာသမားပြန်အလာကိုစောင့်မနေကြပဲ ကိုယ့်ဖာသာကိုဖြုတ် သိမ်းလာခဲ့ကြတာ ဦးဗိုလ်မြင့် အိမ် ရွှေသွားရောင်းတော့ ခါတိုင်းလို ရွှေပုလင်းမမြင်တော့ စိန်ဗိုလ် က မေးတာပေါ့ ဒီတော့မှ မောင်ကျော်တင်က စပ်ဖြီးဖြီးမျက်နှာနဲ့ လက်သည်းကြား ရွှေဥကို ထုက်ပြတော့ စိန်ဗိုလ်ရော ငါတို့ပါ ၀ိုင်းရယ်လိုက်ကြရတာ အဲဒီနေ့က မမှတ်မိတော့ဘူးကွ ငါးကျပ်စီလား ခုနှစ်ကျပ်ခွဲစီလားမိသးဘူး ရတယ်ထင်ပါရဲ့…။
သူငယ်ချင်းရေ ရွာတကာက အလှူတွေမှာ မဏ္ဍပ်စမ်းခဲ့ကြရတာတွေကောမှက်မိသေးရဲ့လ်ား အဲဒီ အထဲတွေမှာ ဇီးပဏီရွာက အလှူတွေ မဏ္ဍပ်စမ်းခဲ့ကြရတာတွေကတော့ သတိအရ အမှတ်မိဆုံးဖြစ်မှာပေါ့ ဘာကြောင့်လည်းဆိုတော့ ဇီးပဏီရွာက အလှူတွေမှာ အလှူထမင်းသွားစားတိုင်း အပြန်ရောက်ရင် လေးဂွတစ်စင်းနဲ့ ဇီပဏီရွာက လူငယ်တစ်စုနဲ့ စစ်ခင်းခဲ့ကြရတယ်လေ…
ဘုရားပွဲရက်တွေမှာတော့ ဇီးပဏီကျောင်းကို ဆွမ်းသွားလောင်းကြပေမယ့် တို့ ကလေးတွေရန်မဖြစ်ကြဘူးနော် အဲဒီတုန်းက ဗြောက်လိပ်လေးတွေ ဆယ်လိပ်ပါတဲ့ အထုပ်တစ်ထုပ်ကို တစ်ကျပ်လောက်ရှိတယ် ထင်တယ် တို့ရွာသားတွေက အဲဒီဗြောက်လိပ်ကို မဖောက်ကြဘူး ဈေးကြီးတယ်လေ ။သစ်သားမီးခြစ်ဆံပုံးတွေဝယ် မီးခြစ်ဆံဂေါင်း(ယမ်း)တွေကို ခြွေ(ဆောက်)အိုးထဲထည့် ဆောက်တံကို အပေါ်က တင်ပြီး လက်ရိုက်တုတ်နဲ့ ရိုက်ပြီး ဖောက်လိုက်ကြတာ တို့ရွာသားတွေရဲ့ ဗြောက်က အသံ အကျယ်ဆုံးထင်တာဘဲ။ သူငယ်ချင်းရေ တို့တွေ ပိုက်ဆံစုပြီး အသံချဲ့စက် ငှါးခဲ့ကြတာကို လည်းမမေ့နိုင်ဘူးကွ တစ်ခါက “ဦးကံထွန်း“ စက်ကိုပျော်ပွဲ အဖြစ် သွားငှါးတော့ စက်သယ်စရာ နွားလှည်းအဆင်မပြေလို့ဆိုပြီး တို့တွေ ဘယ်ထရီးအိုးတွေကို ဆိုင်းထမ်း ထဲထည့် စက်ပုံးကြီးကိုတော့ ဟန်စိန် ကခေါင်းပေါ်ရွက်ချလာခဲ့တာလေ တို့တွေ သီချင်းဆိုကြမယ်ဆိုတော့ အလိုလိုနေရင်းသာ သီချင်းတွေ ရလိုက်ကြတာ တကယ့်တကယ် ဆိုတော့ဟေ့ ဆိုတော့ ဟုက်တိ ပတ်တိ ဆိုနိုင် ဆိုတက်ကြတာ သိပ်မရှိခဲ့ဘူးရယ် ။ ဇော်ဝင်း ဆို ဘလေးဦးထွန်းရီ အိမ်ရှေ့သလင်းပြင်ကိုတုပ်တစ်ချောင်းနဲ့ ဟိုခြစ် ဒီခြစ် လုပ်နေတာ ဇော်ဝင်း မင်းဘာလုပ်နေတာလည်းလို့မေးတော့ ဆိုဖို့ရာ သီချင်းစဉ်းစားနေတာတဲ့လေ…။
သူငယ်ချင်းရေ ဘ၀အတွက် ညထွက်ခဲ့ကြရတာတွေကိုတော့ ပြန်မပြောပြပါရစေနဲ့ တော့ ဒီစာတွေကိုဖက်ရှုး အဲဒီအကြောင်းတွေပါ မင်းတို့လည်း သတိရကြမှာပါ ….။သူငယ်ချင်းရေ အာဝါဒေး ဆိုတာနဲ့ ဒို့တွေ ငယ်ငယ်က ပွဲကြည့်ခဲ့ရတာတွေ ဂျင် ထိုးခဲ့တာတွေ ဖဲရိုက်ခဲ့ကြတာတွေ ဂလုံးဂလုံးဆိုတဲ့ ခြောက်ကောင်ထိုးခဲ့ကြတာတွေ ကို မှက်မိကြရော့ပေါ့ အလောင်းကစားနဲ့ ပတ်သက်တဲ့ ဒီနေရာမှာ တော့
“သစ်လွင်“ တို့က တော့နံပါတ်တစ်ပဲကွ လေးကောင်ဂျင်ထိုးရတာ ၀ါသနာပါသလို ဖဲရိုက်ရာမှာလည်း သစ်လွင်တို့က အဲဒီကတည်းက ကျင်လည်ပြီးသား ဟေ (ခြောက်ကောင်) ဂလုံး ဂလုံး ကျပြန်တော့လည်း ချလိုက်ပြန်ရော မြင်ယောင်မိသေးတယ် တနေ့မှာ သစ်လွင်ရယ်လေ သိတယ်မို့လား ကွမ်းယာတို့ ဆေးလိပ်တို့ဆိုတာကို ဖဲဒိုင်တို့ ဂျင်ဒိုင်တို့က ထိုးသားတွေကို အလျှံပယ်ကျွေးနေ တိုက်နေတာဆိုတော့ သစ်လွင်ဆိုတာ ခြောက်ကောင်ခုံရှေ့တည့်တည့်မှာ တင်ပလ္လင်ခွေကြီးထိုင် ။ လျှာထိုးဦးထုပ်လေးပြောင်းပြန်ဆောင်း ၊ ပိုက်ဆံလေး ကားစပယ်ယာကိုင်သလို လက်ကြားညှပ် ကွမ်းလေးတမြုပ်မြုပ် ဆေးလိပ်ကလေးတဖွါဖွါနဲ့ ဒီဒိုင်မှာ အချိန်နည်းနည်းကြာလာတာနဲ့ ပါလာတဲ့ပိုက်ဆံပြောင်သွားရင် ကျုပ်ပြောင်ပြီဆိုပြီး ဒိုင်ဆီက မုန့်ဖိုးပြန်တောင်း နောက် တစ်ဒိုင်ပြောင်းပြီး (စောစောက)အရင်ဒိုင်ဆီက ရခဲ့တဲ့မုန့်ဖိုးလေးနဲ့ ထပ်ပြီးကံစမ်းနဲ့ အလုပ်ကိုဖြစ်လို့ သစ်လွင်ကတော့ အဲဒီကတည်းက လိုင်းစုံခဲ့တယ်မှတ်တာပဲကွာ ခုတော့ဖြင့် ဒီကောင်ကြီး အိမ်ထောင်ကျ သားသမီးတွေ ရနေပြီဆိုတော့ မကောင်းတဲ့ အဲဒီဘက် သိပ်မလိုက်တော့ဘူးလို့တော့ထင်ပါရဲ့….။
သူငယ်ချင်းရေ “စာဂျစ်ကောင်“ ငှက် ထောင်ခဲ့ရတာတွေကို သတိရမိသလို “ပျား“ရှာခဲ့ကြရတာတွေကိုလည်း သတိရမိသေးပါရဲ့ တောထဲတောင်ထဲ ခြေတိုအောင် လျှောက်သွားရပေမယ့် ငါကတော့ တော်တော်ပျော်ခဲ့တယ်ကွာ ဘာလို့လည်းဆိုတော့ ထန်းရေချိုတို့ ထန်းလျှက်တို့ကို အ၀အပြဲ သောက်ရ စားရလို့ပါ သူငယ်ချင်းရာ …။
သူငယ်ချင်းရေ….“လိပ်“ ဈေးတွေ ကောင်းစဉ်အခါတုန်းက “ပြောင်းပြာ၊လက်လှုတ်“ ပုလဲမြို့နယ်ဘက်မှာ လိပ်တွေပေါတယ်ဆိုလို့ လိပ်တိုက် (ဖမ်း)သွားခဲ့ကြတာ လိပ်မရတဲ့အပြင် ၊ အပြန်ခရီးလမ်းမှာ (သစ်)ကားကြီးတစ်စီးကြုံလို့ စီးလိုက်လာခဲ့ကြရတာ ပါသမျှပိုက်ဆံလေးတွေတောင်ပြောင်ခဲ့ကြရတယ်နော် ။
သူငယ်ချင်းရေ …မင်းတို့ ငါတို့ ဖြတ်သန်းခဲ့ကြရတဲ ငယ်ဘ၀တွေကဟာ မကောင်းခဲ့ကြပါဘူး…ကိုယ့်ပေါင်ကို လှန်ထောင်းသလိုဖြစ်တဲ့ ၊ ကိုယ့်တို့ မကောင်းခဲ့ကြတဲ့ ဒီအကြောင်းတွေ ကိုယ်ဘာကြောင့် ရေးလိုက်ရသလဲဆိုတာ ဒီအချိန်မှာ မင်းတို့လည်းစဉ်းစားမိကြမယ်ထင်ပါရဲ့ မင်းတို့ ငါတို့ ငယ်ဘ၀တွေ မကောင်းခဲ့ကြရတာဟာ မရှိဆင်းရဲမှုချည်း သက်သက်ကြောင့်တော့ မဟုက်ဘူး သူငယ်ချင်းရေ…။ ကုသိုလ် အကုသိုလ် အမှားနဲ့ အမှန်မကောင်းမှုနဲ့ ကောင်မှု တရားနဲ့ မတရား ဆိုတဲ့ ဆန့်ကျင်ဘက်နှစ်ခုကို မှန်ကန်ရာကို ရွေးခြယ်ပြီး မသုံးသပ် မကျင့်ဆောင် မလိုက်နာနိုင်ခဲ့ကြလို့ပဲ သူငယ်ချင်း…။ အဲဒီလို မှန်ကန်မှုကိုရွေးခြယ်ပြီး လုပ်ကိုင်နိုင်ဖို့ အတွက်က စာပေတက်ဖို့ အဓိကလိုအပ်ချက်တစ်ခုဖြစ်တယ် သူငယ်ချင်း ခုဆို မင်းတို့ တစ်တွေလည်း အိမ်ထောင်တွေကျလို့ သားတွေ သမီးတွေရနေပြီဆိုတော့ တို့ ကျေးရွာအတွက် မျိုးဆက်သစ်ကလေးတွေဖြစ်တဲ့ မင်းတို့ရဲ့ သားငယ် သမီးငယ်လေးတွေရဲ့ အနာဂါတ် ဘ၀လှပအောင် စာသင်ပေးကြပါလို့။ ဆိုးရွားလှတဲ့ မင်းတို့ ငါတို့ရဲ့ ငယ်ဘ၀တွေကိုနမူနာပြပြီးတော့ လူငယ်တွေကို ဆုံးမပေးကြပါ ငါတို့ရွာရဲ့ အနာဂါတ်မျိုးဆက်သစ် လူငယ်လေးတွေကို ငါတို့လို လူဝင်မဆန့်တဲ့သူတွေ မဖြစ်စေချင်ဘူး ငါတို့လို လူမိုက်တွေ မဖြစ်စေချင်ဘူး ငါတို့လို လူနုံ လူအ တွေ မဖြစ်စေချင်ဘူး ဒါကြောင့်မို့ သူငယ်ချင်းရေ…။ငါတို့ရွာက မင်းတို့ရဲ့သားတွေ သမီးတွေကို လူဝင်ဆန့်တဲ့သူတွေဖြစ်အောင် လူလိမ္မာလေးတွေဖြစ်အောင် ထက်မြတ်တဲ့ လူချွန်လူကောင်းလေးတွေဖြစ်အောင် စာသင်ပေးကြပါလို့ တောင်းဆိုရင်း သူငယ်ချင်းထံ ပေးစာကို ဒီနေရာမှာ ခဏ နားပါရစေ သူငယ်ချင်းရေ………….
ရေးသားစီကုံးသူ ။ ။ ကိုဇော်လွင် (R.B.B) မန္တလေး……။

No comments:

Post a Comment

Note: Only a member of this blog may post a comment.